သတင်းများ

ဒေါပုံမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်     မေ     ၁၅ 

        ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား ကို ၁၅.၅.၂၀၂၂ ရက်နေ့ နံနက်ပိုင်းက ဒေါပုံမြို့နယ်၊ ယမုံနာလမ်းမရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

         အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။

       ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ်တရားရုံး ကမ္ဗည်း မော်ကွန်းဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး တက်ရောက်လာကြသည့် တာဝန် ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

     ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေါင်းဝေနွယ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ထံ အထိမ်းအမှတ်ပစ္စည်းနှင့် အထိမ်းအမှတ် အလံငယ်များ ပေးအပ်သည်။

        ဒေါပုံမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အနံ  ၆၀  ပေ၊ အလျား ၁၃၁ ပေ   ၆ လက်မ အကျယ်အဝန်းရှိပြီး အချုပ်ကားအဆင်းအတက် ပြုလုပ်နိုင်သည့် မြေအောက် ကားရပ်နားသည့်နေရာအပါအဝင် သံကူကွန်ကရစ်အမျိုးအစား လေးထပ်အဆောက်အဦဖြစ်ပြီး တရားရုံးအသုံးပြုသူ ပြည်သူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။