သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် "ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာဆွေးနွေးပွဲ" ကျင်းပပြုလုပ်
Post Image

ရန်ကုန် စက်တင်ဘာလ ၃၀ 

       

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာဆွေးနွေးပွဲကို     ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် ၁း၃၀ နာရီမှ   ညနေ ၄ နာရီထိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ (အပေါ်ဆုံးထပ်)တွင် Online/Inperson (Hybrid) စနစ်   ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

          

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး    ဦးသိန်းကိုကို၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ပြည်ထောင်စု  တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က အဖွင့်အမှာစကားအသီးသီးပြော   ကြားခဲ့ပါသည်။   ထို့နောက်  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်  တိုင်းဒေသကြီးတရားရေးဦးစီးမှူး      ဦးဝင်းကိုကိုက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

 ထို့နောက် ဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က "မူပိုင်ခွင့်ဆိုင်ရာဥပဒေများအနှစ်ချုပ်မိတ်ဆက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်တံတားခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်မီမီထွေးက "ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိမှတ်ဖွယ်ရာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရမ်းကုန်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက "ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်သည့် မှုခင်းအပေါ် လေ့လာတင်ပြခြင်း (Case Study)" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗိုလ်တထောင်ခရိုင်တရားရုံးမှ တွဲဖက်ခရိုင်တရားသူကြီး ဒေါ်ကေသီခိုင်ငြိမ်း က "မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို အခြား နည်းလမ်းဖြင့် ဖြေရှင်းခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်တံတားခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး  ဒေါက်တာဝင်းဝင်းမာက "ကျော်ကြားသောအမှတ်တံဆိပ်အကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တရားရေးအရာရှိများ၊ စုစုပေါင်း (၁၅) ဦးတို့သည်   Online ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်မှ တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း(၂၉)ဦး၊ အငြိမ်းစားတရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ ဥပဒေအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ၊ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဆရာမများ၊ တရားလွှတ်တော်ရှေ့နေများကောင်စီမှ တာဝန်ရှိသူများနှင့် ရှေ့နေရှေ့ရပ်များ     (၈၃)ဦးတို့သည် (In person) ကိုယ်တိုင်တက်‌ရောက်၍လည်းကောင်း၊ စုစုပေါင်း (၁၂၇) ဦးတက်ရောက်ခဲ့   ကြကြောင်း သတင်းရရှိပါသည်။