ရန်ကုန် ဇူလိုင် ၂၅
သန်လျင်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သန်လျင်မြို့နယ်တရားရုံး၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ဦးစွာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရုံးအဆောက်အဦသစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်ပက်ဖျန်းပေးသည်။




ယင်းနောက် IGE Land Co.,Ltd မှ Chief Operation Officer ဦးကျော်သက်က ရုံးအဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးအဆောက်အအုံနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို သန်လျင်မြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်း
ပေးအပ်ရာ မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်အတွင်း လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။


