ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် အမှတ် (၄) လမ်းမကြီးပေါ်ရှိ အင်းစိန်ခရိုင်တရားရုံး အဆောက်အအုံသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ အဆောက်အအုံတည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး တက်ရောက်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွန်းပေးပြီး အဆောက်အအုံဆောက်လုပ်မည့် ပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါ အဆောက်အအုံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅)နှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၊ ပထမနှစ်လုပ်ငန်းအစီအစဉ်(၂၀၂၃)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁.၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေးအဆင့် (၁) အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအဆောက်အအုံမှာ အလျားပေ ၂၀၀၊ အနံပေ ၁၄၀ ရှိ သံကူကွန်ကရစ် ငါးထပ်အဆောက်အအုံဖြစ်ပြီး M Interior Design ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည် ဖြစ်သည်။