ရန်ကုန်၊ ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို၆-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ စုပေါင်းရုံးအဆောက်အအုံအမှတ်(၂)ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြပါသည်။ထို့နောက်အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ စွမ်းဆုကြွယ်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူကအဆောက်အဦ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်း၊ အထိမ်းအမှတ်ဖန်သားတံဆိပ်တုံး ၊ အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်ချမ်းမြမွန်မှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။