သတင်းများ

ဒလမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Post Image

ရန်ကုန်  နိုဝင်ဘာ  ၈

ဒလမြို့နယ်တရားရုံး  အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို တွံတေးခရိုင်  ၊  ဒလမြို့နယ်  ၊  ဗိုလ်ရန်ပြေ ရပ်ကွက်၊ ဒလ-တွံတေးလမ်းရှိ ဒလမြို့နယ်တရားရုံး၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း  ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း  ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း  ၊  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တရားလွှတ်တော်တရားသူကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့က ရုံးအဆောက်အဦသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်တရားရုံးဆိုင်းဘုတ်ကိုလည်း စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အား အစည်းအ‌ဝေးခန်းမ၌ဆက်လက်ကျင်းပရာ Diamond Cityကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးတင်မောင်က ရုံးအဆောက် အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရုံးအဆောက်အဦနှင့်သက်ဆိုင်သည့် စာရွက်စာ တမ်းများကို ဒလမြို့နယ်တရားသူကြီး ဦးသက်ပိုင်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်တရားသူကြီးက မြို့နယ်တရားရုံးအဆောက်အဦသစ်အား ရုံးသစ်ဖွင့်လှစ် ဆောင်ရွက်နိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူး တင်စကားပြောကြားသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ဒလမြို့နယ်တရားရုံးအဆောက်အဦသစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြီးကြပ်      လမ်းညွှန်မှုဖြင့် ( ၂၀၂၂ - ၂၀၂၃ ) ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာရေးနှစ်အထိ ခွင့်ပြုရန်ပုံငွေ  စုစုပေါင်း ကျပ်သန်း (၂၆၂၂.၈၅၆)ဖြင့် Diamond City ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း  ဖြစ်သည်။ ယခုတည်ဆောက် ပြီးစီးခဲ့သည့် ဒလမြို့နယ်တရားရုံးသည် အလျား (၉၀)ပေ x အနံ (၇၀)ပေ ၊ (၄) ထပ် သံကူကွန်ကရစ် အဆောက်အဦဖြစ်ကာ  ခေတ်နှင့်လျော်ညီစွာ  တည်ဆောက်ထားကြောင်း သိရ   သည်။