သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Post Image

ရန်ကုန် ဩဂုတ် ၂၆

        မြောက်ဥက္ကလာပမြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်းနှင့် သမာဓိလမ်းထောင့်ရှိ အဆိုပါတရားရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တရားလွှတ်တော် တရားသူကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
     ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က ရုံးအဆောက်အဦသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မြို့နယ်တရားရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

                                                      

         ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး တရားရုံးအဆောက်အဦ သစ်အတွင်း လှည့်လည်ကြည့်ရှုကြ   သည်။

       ဆက်လက်၍ အခမ်းအနားကို အဆိုပါတရားရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ G3 Group Co.,Ltd မန်နေဂျင်းဒါရိုက်တာ ကိုဖြိုးပိုင်က ရုံးအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးအဆောက်အဦ   နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို မြောက်ဥက္ကလာပမြို့နယ်တရားသူကြီး ဦးရဲမင်းထွန်းထံသို့      လွှဲပြောင်းပေးအပ်သည်။
     ထို့နောက် မြောက်ဥက္ကလာပမြို့နယ်တရားသူကြီး ဦးရဲမင်းထွန်းက မြို့နယ်တရားရုံးအဆောက်အဦသစ် ကို ခေတ်နှင့်လျော်ညီစွာတည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ပေးမှုနှင့်ရုံးသစ်ဖွင့်လှစဆောင်ရွက်နိုင်အောင်  အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးမှု အပေါ် ကျေးဇူးတင်စကားပြောကြားသည်။
     ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း တို့အား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အဆောက်အဦသစ်   ဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်ကို လက်ဆောင်ပေးအပ်သည်။

          အဆိုပါမြောက်ဥက္ကလာပမြို့နယ်တရားရုံးအဆောက်အဦသစ်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ကြီးကြပ်မှုဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်မှစ၍ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အထိ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ခွင့်ပြုရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၄၃.၂၅ဖြင့် G3 GROUPကုမ္ပဏီလီမိတက်ကတာဝန်ယူတည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခု တည်ဆောက်ပြီးစီးခဲ့သည့် မြောက်ဥက္ကလာပမြို့နယ်တရားရုံးသည် အလျား ၁၆၀ ပေ x အနံ ၈၂ ပေ လေးထပ်သံကူကွန်ကရစ်အဆောက်အဦဖြစ်ကြောင်း သိရသည်။