ရန်ကုန် ဇန်နဝါရီ ၂၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆) ၊ မဟာဗျူဟာအစီအစဉ် ၅. ၃. ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ “တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ”ကို ၂၉-၁-၂၀၂၆ ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီမှ (၄:၃၀)အချိန်ထိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၊ စေ့စပ်ဖြေရှင်းရေးဌာန ၊ သုံးထပ်ဆောင် (အပေါ်ထပ်) တွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အဖွင့်အမှာစကားပြောကြားပြီး တရားသူကြီးအငြိမ်းစားများ ၊ တရားသူကြီး/တရားရေးအရာရှိများ၊ ရှေ့နေရှေ့ရပ်များ ၊ ဘဏ်တာဝန်ခံများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်သန့်က “စေ့စပ်ဖြေရှင်းရေးမိတ်ဆက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်သူဇာခင်က “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဝင်းကိုကိုက “စေ့စပ် ဖြေရှင်းရေး စနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများက မေးမြန်းသည်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။