သတင်းများ

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ခရိုင်အဆင့်တရားသူကြီးများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး
Post Image

ရန်ကုန် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးသည် (၂၈-၇-၂၀၂၀) ရက်နေ့၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ခရိုင်အဆင့် တရားသူကြီးများအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ ပထမထပ် အစည်းအဝေး ခန်းမမှ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးဆဲ အမှုလက်ကျန် များပြားနေသဖြင့် တွန်းအားပေး ဆောင်ရွက်ကြရန်၊ တရားမမှုများတွင် တစ်ဖက်သတ်နှင့် ဝန်ခံဒီကရီချမှတ်ခြင်းကို သေသေချာချာစိစစ်ပြီး ဥပဒေနှင့်အညီ ချမှတ်ကြရန်၊ မြို့နယ်တရားရုံးများ၏ ပြီးပြတ်ချက်များကို မြို့နယ်အလိုက် ခရိုင်တာဝန်ခံများက ခွဲဝေစိစစ်၍ ခရိုင်တရားသူကြီး၏ သဘောထားမှတ်ချက်ဖြင့် တင်ပြကြရန်မှာကြားပြီး တရားမကြန့်ကြာ အမှုများကို တာဝန်ယူ စစ်ဆေးနေကြသော တရားသူကြီးများ၏ အခက်အခဲများကို မေးမြန်း၍ ဆွေးနွေးမှာကြားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၏ တာဝန်ခံဖြစ်သော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စန္ဒာသွယ်က မူးယစ်ဆေးဝါးအမှုများကို အမှုတစ်မှုချင်းစီ၏ အနေအထား၊ ပေါ်ပေါက်ချက်အရ ဥပဒေနှင့်အညီ ဆုံးဖြတ်ကြရန် မှာကြားခဲ့သည်။

တိုင်းဒေသကြီးတရားရေးဦးစီးမှူးကလည်း မြို့နယ်တရားရုံးများသို့ ကွင်းဆင်းကြည့်ရှု ခဲ့ရာ တစ်ချို့မြို့နယ်တရားရုံးများမှာ သန့်ရှင်းသပ်ရပ်မှု အားနည်းနေသည်ကို တွေ့ရှိရသဖြင့် မြို့နယ်အလိုက် ခရိုင်တာဝန်ခံများအနေနှင့် မိမိတာဝန်ကျရာ မြို့နယ်တရားရုံးများသို့ မပျက်မကွက် သွားရောက်ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။