တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၅ နှင့် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၃၄ တို့အရ ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို တရားသူကြီးချုပ်(၁)ဦး၊ တရားသူကြီး(၆)ဦး၊ စုစုပေါင်း(၇)ဦးတို့ဖြင့် ဖွဲ့စည်း ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ကြီးကြပ်မှုအောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး(၄၅)ရုံး၊ ကလေးသူငယ်တရားရုံး(၁)ရုံး၊ စည်ပင်သာယာတရားရုံး(၇)ရုံး၊ မော်တော်ယာဉ်တရားရုံး(၂)ရုံးတို့ကို ဖွဲ့စည်းထားပါသည်။ ခရိုင်တရားရုံး(၄)ရုံးမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး နှင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတို့ ဖြစ်ကြပါသည်။

၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်   ပြည်ထဲရေးဝန်ကြီးဌာန(ဝန်ကြီးရုံး)၏ ၃၀-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၃၃၁/၂၀၂၂ ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၅) မြို့နယ် ကို ခရိုင် (၄)ခရိုင်ဖြင့် ဖွဲ့စည်းထားခြင်းကို ပယ်ဖျက်၍ စုစုပေါင်း ခရိုင်(၁၄) ခရိုင်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။  ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတို့ကို ဖွဲ့စည်းထားခြင်းအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၇-၈-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၅၅၆/၂၀၂၂ ဖြင့်ပယ်ဖျက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်  ခရိုင်တရားရုံး (၁၄)ရုံးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ခရိုင်တရားရုံး (၁၄)ရုံးမှာ တိုက်ကြီးခရိုင်တရားရုံး၊ လှည်းကူးခရိုင်တရားရုံး၊ မှော်ဘီခရိုင်တရားရုံး၊ မင်္ဂလာဒုံခရိုင်တရားရုံး၊ အင်းစိန်ခရိုင်တရားရုံး၊ သင်္ဃန်းကျွန်းခရိုင်တရားရုံး၊ ဗိုလ်တထောင်ခရိုင်တရားရုံး၊ ဒဂုံမြို့သစ်ခရိုင်တရားရုံး၊ သန်လျင်ခရိုင်တရားရုံး၊ တွံတေးခရိုင်တရားရုံး၊ ကျောက်တံတားခရိုင်တရားရုံး၊ အလုံခရိုင်တရားရုံး၊ မရမ်းကုန်းခရိုင်တရားရုံး၊ ကမာရွတ်ခရိုင်တရားရုံးတို့ဖြစ်ကြပါသည်။